၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းတက်ရောက်

မော်လမြိုင် စက်တင်ဘာ ၉

ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် မော်လမြိုင်မြို့၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ရတနာမွန်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့‌ကြောင်း သိရသည်။ အခမ်းအနားတွင်ပြည်နယ်ဝန်ကြီးချုပ်က ကုလသမဂ္ဂအဖွဲ့ကြီးအနေဖြင့် နိုင်ငံအလိုက် စာတတ်မြောက်ရေး လုပ်ငန်းများကို ဖြန့်ကျက်လွှမ်းခြုံ ဆောင်ရွက်နိုင်ရေးအတွက် ၁၉၆၆ ခုနှစ်က စတင်ပြီး နှစ်စဉ် စက်တင်ဘာလ (၈) ရက်နေ့ကို နိုင်ငံတကာစာတတ်မြောက်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ပါကြောင်း၊ စာတတ်မြောက်ရေးလုပ်ငန်းတွင် ပြည်သူများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် စာတတ်မြောက်မှုနှုန်း မြင့်မားလာစေရေးကို အထောက်အကူပြုမည် ဖြစ်သဖြင့်ပြည်နယ်တစ်ခုလုံးရဲ့အတိုင်း အတာအရစာတတ်မြောက်မှုနှင့်ကလေး သူငယ်များ ပညာရည်မြင့်မားလာစေဖို့အတွက် အနီးကပ် ပြုစုပျိုးထောင်ပေးတဲ့ မိဘနှင့် ဆရာသမားတို့ရဲ့ တာဝန်သည်လည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ တည်မှီနေကြောင်း၊ နှစ်ဆယ့်တစ်ရာစု၏ ပညာရေးသင်ယူမှု မဏ္ဍိုင်ကြီး (၄) ရပ်ဖြစ်တဲ့ အသိပွားဖို့ သင်ယူစို့ လုပ်ကိုင်တတ်ဖို့ သင်ယူစို့၊ တစ်ဦးချင်းအဖြစ် အစွမ်းကုန်ဖွံ့ဖြိုးဖို့ သင်ယူစို့၊ ကမ္ဘာသားအဖြစ် အတူနေဖို့ သင်ယူစို့ တို့ကို လက်ကိုင်ထားပြီး သင်ကြားရမှာဖြစ်ကြောင်း၊ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်နိုင်ဖို့အတွက် တစ်နိုင်ငံလုံး စာတတ်မြောက်ရေးဟာ နိုင်ငံသားအားလုံးရဲ့ တာဝန်ဖြစ်ကြောင်းနှင့် ထက်မြက်သောသားကောင်း ရတနာလေးများပေါ်ထွန်းလာရေးအတွက် အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ၂ဝ၂၂ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် ယူနက်စကို ညွှန်ကြားရေးမှူးချုပ်၏ သဝဏ်လွှာကို ဖတ်ကြားပြီး မော်လမြိုင်မြို့နယ်မှ ဆရာ၊ ဆရာမများက “စာတတ်မြောက်ရေး လူတိုင်းအရေး” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး  တေးသီချင်း သီဆိုဖျော်ဖြေသောအဖွဲ့အား လူမှုရေးရာဝန်ကြီး ဦးမြတ်သွင်က ဂုဏ်ပြုဆုငွေချီးမြှင့်ကာပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်လာကြသည့် ဆရာ/ ဆရာမများ၊ကျောင်းသား/သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)