တပ်ကုန်း စက်တင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲ သစ်အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့မွန်းလွဲပိုင်းက ရပ်ကွက်များအတွင်းသို့ သွားရောက်၍ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုအသိပေးနှိုးဆော်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ ဖြစ်သည့် မိဘပြည်သူများအနေဖြင့် လူစုလူဝေးရှောင်ကြဉ်ကြရန်၊ မလိုအပ်ပဲအပြင်သို့ သွားလာ ခြင်းမပြုရန်၊ အပြင်ထွက်တိုင်း ပါးစပ်နှင့်နှာခေါင်းစည်းတပ်ရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေရန်နှင့်ကိုဗစ်-၁၉ မျိုးကွဲသစ်(အိုမီခရွန်) ကူးစက်မှု မဖြစ်ပွားစေရေးအတွက် တက်နိုင်သမျှ အိမ်မှာနေ၍ ကိုဗစ်-၁၉ ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို ပြည်သူများလိုက်နာကြရန်၊ မိမိတွင် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်နှင့် ပြည်သူများ ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးများကိုလည်း အကြိမ်ရေပြည့် မပျက်မကွက်ထိုးနှံကြပါရန် အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တင်စိုးလွင်