တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းကျန်းမာရေးဟောပြောပွဲကျင်းပပြုလုပ်

တောင်ဥက္ကလာပ   စက်တင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အ‌ခြေခံပညာကျောင်းများ၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၁)နာရီအချိန်က အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာအေးငြိမ်းစိုးက အစာအုပ်စု(၃)ခုကို စုံလင်မျှတစွာ အဟာရဖြစ်အောင်စားသောက်ရန်၊ သွားနှင့်သွားဖုံးကျန်းမာရေးအတွက် စနစ်တကျသွားတိုက်နည်းကို လက်တွေ့သရုပ်ပြ ဟောပြောခဲ့ကြောင်းသိရသည်။

ထို့နောက် သူနာပြုဆရာမ ဒေါ်လတ်လတ်စိုးမှ သွေးလွန်တုပ်ကွေးရောဂါအကြောင်းရှင်းလင်းခြင်း၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့် စနစ်တကျလက်ဆေးနည်းတို့ကို ကျောင်းသား၊ ကျောင်းသူများနှင့်အတူ သရုပ်ပြခဲ့ပြီး အပျိုဖော်ဝင်လာမည့် မိန်းကလေးများအတွက် သိမှတ်ဖွယ်ခေါင်းစဉ်ဖြင့် ကျောင်းသူများအား အမျိုးသမီးများ ကျန်းမာရေးနှင့်ပတ်သက်၍ ဆက်လက်ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းမှ ဆရာ/ဆရာမများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူတစ်ဦးခြင်းစီတို့ကို တစ်ကိုယ်ရည်သန့်ရှင်းမှုစစ်ဆေးခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်းတို့ကို ဆောင်ရွက်‌‌လျက်ရှိကြောင်းသတင်းရရှိသည်။

စိုးဝဏ္ဏထွန်း(ပြန်/ဆက်)