ဗန်းမော်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်းပေါင်း (၄၄ဝဝ)ကျပ်ဖြင့် စိုက်ပျိုးရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီ ဖွဲ့စည်းခြင်း ကွင်းဆင်းဆောင်ရွက်

ဗန်းမော် စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်တွင် ကျေးရွာ(၈)ရွာအား စိုက်ပျိုးမွေးမြူရေးတောင်သူများ လိုအပ် လျက်ရှိ သော သွင်းအားစုနှင့် နည်းပညာများ ပံ့ပိုးကူညီပေးနိုင်ရန်အတွက် နိုင်ငံတော်အစိုးရမှ နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေးမြစိမ်းရောင်ကျေးရွာ စီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်း ခြင်းကို ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ဗန်းမော်မြို့နယ် စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီတို့က ယမန်နေ့ နံနက်ပိုင်းက သိန်လင်ကျေးရွာနှင့် ကံကြီးကျေးရွာတို့၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင် နှင့် ဗန်းမော်မြို့နယ် စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီတို့က စက်တင်ဘာ ၇ ရက်မှ စတင်၍ ဗန်းမော်မြို့ နန့်ဖားရပ်ကွက်၊ တာမိုင်းလုံကျေးရွာ၊ သိန်လင်ကျေးရွာနှင့် ကံကြီးကျေးရွာတို့ကို ကွင်းဆင်း၍ ဒေသခံပြည်သူ များနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်း အကြောင်းအရာများနှင့် ရရှိလာမည့် အကျိုးကျေးဇူးများ၊ စီမံကိန်းလုပ်ငန်း ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို မိတ်ဆက်ရှင်းလင်းခြင်း ဆောင်ရွက်ပြီး စိုက်ပျိုးရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း ကျေးရွာကော်မတီ ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပြီး ကွင်းဆင်းဆောင်ရွက်ရန် ကျန်ရှိသည့် ကျေးရွာ(၄)ရွာအား ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရ သည်။

ဗန်းမော်မြို့နယ်တွင် နန့်ဖားရပ်ကွက်၊ တာမိုင်းလုံကျေးရွာ၊ သိန်လင်ကျေးရွာ၊ ကံကြီးကျေးရွာ၊ ခိုကျင်ကျေးရွာ၊မံဖာကျေးရွာ၊စီဟဲကျေးရွာနှင့် ကုန်းမဟတ်ကျေးရွာ စုစုပေါင်းကျေးရွာ ၈ ရွာအား နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ ကျပ်သိန်းပေါင်း ၄၄၀၀ ကျပ်ဖြင့် စိုက်ပျိုးရေးမြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ဗန်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဗန်းမော်(ပြန်/ဆက်)