မိတ္ထီလာ၊ စက်တင်ဘာ၁၅
မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ ၂၇ ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးစီမံချက် ရေးဆွဲခြင်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြို့နယ် အတွင်းရှိ ကျေးရွာ (၂၇) ရွာတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို မေလတတိယပတ်မှ စတင်၍ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲခြင်းစီမံကိန်း (VDP) ရန်ပုံငွေ သိန်း(၁၀၀)နှင့် ကျေး ရွာပြည်သူလူထုတို့မှ ထည့်ဝင်ငွေများဖြင့် သဖန်းပင်ရိုး၊ မကျီးချောက်၊ ပေါက်ပင်အိုင့်၊ တုံးအိုင်၊ ထနောင်းကန်၊ မွေ၊ လျှော်ဖြူကန်၊ ဖလံကျင်း၊ ရေချို၊ အုံတုံ၊ ခင်လူး၊ ညောင်ကန်၊ မောက်လောက်၊ ပိတောက်ပင်၊ ရုံးတောကြီး၊ ရွာတန်းရှည်၊ မယ်ဇလီပင်၊ နဘဲကုန်း၊ ဆည်ကုန်း၊ လိန်တော၊ အင်ပင်ဝ၊ အရာတော်၊ သရက်တန်းကျေးရွာများရှိ ကျေးရွာတွင်းလမ်းများကို ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိပြီး ပျော်ကုန်း၊ ချုံစွန်း၊ ပျဉ်သာ၊ ညောင်ဇောက်ကျေးရွာများမှ ကျေးရွာတွင်းလမ်းများကို မြေသားနှင့် ဂျင်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ ကျေးရွာတွင်းလမ်းများအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ် ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးမျိုးလတ်ထံမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက လူထုဗဟိုပြုကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းရေးဆွဲခြင်း လုပ်ငန်းစဉ် အကောင်အထည်ပေါ်ပေါက်လာစေရန်ရည်ရွယ်ပြီး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် မိမိတို့နေထိုင်သော ကျေးရွာများ ဖွံ့ဖြိုးလာစေရေး အလေးပေးလုပ်ဆောင်ရန် လိုအပ်သည့် ဖွံ့ဖြိုးရေးလိုအပ်ချက်များကို လူထုကိုယ်တိုင်ပါဝင်ကာ ဆန်းစစ်ဖော်ထုတ်ပြီး လိုအပ်သောရန်ပုံငွေများ ရှာဖွေ၍ အကောင် အထည်ဖော်ဆောင်ရွက်တတ်သော အလေ့အထများ ပိုမိုအားကောင်းလာစေရန်အတွက် မိတ္ထီလာမြို့နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ကျေးရွာတစ်ရွာလျှင် ကျေးရွာ ဖွံ့ဖြိုးရေးစီမံချက်ရေး ဆွဲခြင်းစီမံကိန်း (VDP) ရန်ပုံငွေ သိန်း(၁၀၀) ထောက်ပံ့ပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ မြို့နယ်အတွင်း ကျေးရွာ(၁၆)ရွာကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)