ချောင်းဆုံ စက်တင်ဘာ ၉
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး၏ အဓိကအကျဆုံးသော အခန်းကဏ္ဍသည် စာပေ တတ်မြောက်ခြင်းပင် ဖြစ်သည်။ စာတတ်မြောက်ပြီး စာဖတ်သည့် အလေ့အကျင့်ကောင်းများ၊ စာပေထူးချွန်သည့် သားကောင်းရတနာ မျိုးဆက်သစ် အနာဂတ် လူငယ်များ ပေါ်ထွန်းလာစေရန် အတွက် မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ယမန်နေ့က (၅၆)နှစ်မြောက် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဖြင့် ဟောပြောပွဲနှင့် ကာယ/ ဉာဏ စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူ လူငယ်များအား “လူငယ်နှင့်စာဖတ်ခြင်း” အကြောင်းအရာများကို ဆွေးနွေးဟောပြောခဲ့ပြီး စာဖတ်ရှိန် မြှင့်တင်ရေးဆိုင်ရာ ဆောင်ပုဒ် အဆိုအမိန့်များ ဟောပြောချက် များအား အပြန်အလှန် ဆွေးနွေးခြင်း နံရံကပ်စာစောင်၊ စာအုပ်ပြပွဲများ ခင်းကျင်းပြသခြင်း၊ ကလေးငယ်များမှ စာဖတ်စွမ်းရည်နှင့် ဉာဏ်စမ်း အမေးအဖြေများကို ပြိုင်ပွဲများ ပြုလုပ်ခဲ့ကြသည်။
ယနေ့ နိုင်ငံတော်တွင် ကျင့်သုံးနေသည့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းနေနိုင်ရေး၊ စာမတတ်သူ ပပျောက်ရေးကို ဦးတည်ခြင်းနှင့်အညီ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေဖြင့် ပညာရေးဌာနနှင့် ပူးပေါင်းပြီး ကျောင်းနေပျော်၍ စာတော်သည့် ကလေးများ ပေါ်ထွန်းလာစေရေး၊ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များနှင့် အားလပ်ရက် ကျောင်းပိတ်ရက် များတွင် ကာယ/ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ပြုလုပ်ပေးလျက် ရှိကြောင်း သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)