မှော်ဘီ စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်တွင် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (သန္ဓေပင်)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း(သန္ဓေပင်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုမာက အဖွင့်အမှာစကားပြောကြားကာ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်အေးက အမှာစကားပြောကြားခဲ့ပြီး မှော်ဘီမြို့မရဲစခန်းမှ ဒုရဲမှူးစန်းထွေးက လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဆိုင်ရာ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ဆက်လက်၍အခမ်းအနားတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုအသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ သန္ဓေပင်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော် ဆောင်လူကြီးမင်းများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကောင်းမြတ်သူ (ပြန်/ဆက်)