တံတားဦးမြို့နယ်တွင်ကျေးလက်နေပြည်သူများ  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်ဖြည့်ဆည်းနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ စဉ်ဆက်မပြတ်ကွင်းဆင်းဆောင်ရွက်

တံတားဦး စက်တင်ဘာ ၉

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ စဉ်ဆက်အပြတ်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီက တံတားဦးမြို့နယ် ပျားကျေးရွာအုပ်စု ကုက္ကိုကန်ကျေးရွာ ရွာဦးဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက ဒေသဖွံ့ဖြိုး ရေးဆိုင်ရာများ၊ ကျေးရွာပြည်သူ့လုံခြုံရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများကိုလည်းကောင်း၊ အဖွဲ့ဝင် ဗိုလ်မှူးသန်းနိုင်ဦးက နိုင်ငံတော်စီမံအုပ်ရေးကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများနှင့် မြို့နယ်အတွင်း ပြည်သူ များလုံခြုံရေးများကိုလည်းကောင်း၊ မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများမှ  ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်းကောင်း၊ ရှင်းလင်းဆွေးနွေးပြောကြားသည်။

အဆိုပါတွေ့ဆုံဆွေးနွေး၌ ဒေသခံပြည်သူများက ကျေးရွာအလိုက် ဒေသလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ ရေရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအစရှိသည့်လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ရဲတင့်