စဉ့်ကိုင်၊ စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချူပ်ရေးအတွက် ယမန်နေ့နံနက်(၉)နာရီက ဗိုလ်တေဇလမ်းနှင့်၊ မြို့မစျေးရှေ့တွင် ပြည်သူများအား Mask Campaign ပြုလုပ်ပြီး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကုသရေးနှင့် ကျန်းမားရေးဦးစီးဌာနမှူး ဒေါက်တာအေးလွင်က အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးမှူးအဆင့် (၁) ဒေါ်ယဉ်နွယ်မြင့်၊ မြို့နယ်ကျန်းမာရေးမှူး ဦးကျော်မင်းထွန်းနှင့် ကျန်းမာရေး၀န်ထမ်းများ၊ သုခဒါယီလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အဖွဲ့၀င်များပူးပေါင်း၍ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာနေသူများ Mask များ တပ်ဆင်လာခြင်းမရှိသူများအား Mask (၁၀၀၀၀) အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ပလိပ်ကျေးရွာလမ်းဆုံ၊ ဖလံဖိုလ်ကျေးရွာလမ်းဆုံတို့တွင် သွားရောက်၍ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ပြည်သူများ Mask များ စနစ်တကျ တပ်ဆင်စေရေး၊ အတတ်နိုင်ဆုံးနေအိမ်ပြင်ပသို့ သွားလာခြင်းမပြုလုပ်ကြရန်နှင့်သွားလာပါက တစ်ဦးနှင့်တစ်ဦး (၆) ပေအကွာတွင် နေထိုင်သွားလာကြစေရေး၊ လက်ကိုစင်ကြယ်စွာ စနစ်တကျဆေးကြောကြရေး ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော် (စဉ့်ကိုင်ပြန်/ဆက်)