ပန်းဘဲတန်း စက်တင်ဘာ ၉
စက်တင်ဘာလ(၈)ရက်နေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ကြည်ကြည်နွဲ့က စာဖတ်ဝိုင်းပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရေးဆရာမညွန့်ညွန့်(ကလော)က စာရေးဆရာတင့်ခိုင်ရေးသားသောပညာရေးစနစ်သစ်၏ လိုအပ်ချက်များစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ရာ ဆရာမကပညာရေးတွင် ဆရာ၏တုံ့ပြန်မှုအကြောင်း၊ ပညာရေးအပြောင်းအလဲ၏ လိုအပ်ချက်များ၊ ဖိနပ်မပါကျောင်းဆရာ၊ သင်ပေးသူနဲ့သင်ယူသူတို့အကြားရှိ ဆက်နွယ်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ စနစ်သစ်ပညာရေး၊ စွမ်းရည်ဖွံ့ဖြိုးမှုနဲ့ စာသင်ခန်းနှင့် လူ့အဖိုးတန်များ မွေးထုတ်ပေးမည့် ပညာရေးစနစ်စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပါသည်။
ထို့နောက်စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ စာရေးဆရာမညွန့်ညွန့် (ကလော)က ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)