တောင်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

တောင်ကြီး  စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးခွန်သက်နောင် ဦးဆောင်၍ ဌာနဆိုင်ရာများက ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျရေး အသိပညာပေးလုပ်ငန်းများကို မြင်းရုပ်မီးပွိုင့်နှင့် အနောက်မြို့ပတ်လမ်း၊ စဝ်စံထွန်းဈေးရှေ့တွင် ယနေ့နံနက် ၈ နာရီခွဲက ပူးပေါင်းဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများမှ လမ်းသွား၊ လမ်းလာပြည်သူများအား နှာခေါင်းစည်း Mask (၁၀၀၀) ကို အခမဲ့ဖြန့်ဝေပေး၍  စနစ်တကျတပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင် (၅၀၀)ကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အကြောင်းအရာများကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ကြသည်။

ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုလျော့ကျရေး အသိပညာပေးလုပ်ငန်းများကို ပိုမိုထိရောက်မှုရှိစေရန်အတွက် လူစည်ကားရာနေရာများတွင် ရက်သတ္တပတ်လျှင် နှစ်ကြိမ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း