လားရှိုး စက်တင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲကို ယမန်နေ့ နံနက်(၈)နာရီအချိန်က စတင်ဖွင့်လှစ်၍ လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြိုင်ပွဲဝင်များက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ည(၈)နာရီအချိန်တွင် ဆုပေးပွဲအခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီလှူဒါန်းပေးခဲ့သော အလှူရှင်များအား ဘဏ္ဍာငွေ ရှာဖွေရေးနှင့်ဆုချီးမြှင့်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်းနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုမှတ်တမ်းများပေးအပ်ခဲ့သည်။ ဆက်လက်၍ အခြေခံပညာအဆင့် အသက် (၁၀-၁၅)၊ အခြေခံပညာအဆင့် အသက်(၁၅-၂၀) မဟာဂီတ အဆိုပြိုင်ပွဲ၊ခေတ်ဟောင်းကာလပေါ် အဆိုပြိုင်ပွဲ၊ တပင်တိုင် အကပြိုင်ပွဲ၊ စန္ဒယားအတီးပြိုင်ပွဲ၊ ဝါသနာရှင်အဆင့် ဇာတိဂုဏ်မြင့်မားရေး အဆိုပြိုင်ပွဲ၊ အတီးပြိုင်ပွဲနှင့် အဆင့် မြင့်ပညာအဆင့် ဇာတိဂုဏ်မြင့်မားရေး အဆို၊ အက၊ အတီးပြိုင်ပွဲ တို့တွင်ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်သူများအား ပြိုင်ပွဲဝင်ဆုများကို လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်၊ ငွေသားဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် လားရှိုးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် မြို့မိမြို့ဖများက ပြိုင်ပွဲတစ်လျောက်ပါဝင်ကူညီဆောင်ရွက်ပေးခဲ့သော ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ရာ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။
ထို့နောက် အဆို၊ အက၊ အတီးပြိုင်ပွဲများတွင် ဆုရရှိသူများက မိမိတို့ကဏ္ဍအလိုက် ပြန်လည်ဖျော်ဖြေ ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး