နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

သံတွဲ စက်တင်ဘာ ၉

၂၀၂၂ခုနှစ်၊ ယမန်နေ့တွင်ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာအုပ်ပြပွဲ၊ စာဖတ်ဝိုင်းနှင့် နံရံကပ်စာ​စောင်ပြသခြင်းကို သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာပေချစ်မြတ်နိုးသူလူငယ်များ​ဖြင့် ယနေ့  နေ့လယ် ၁၂ နာရီက အဆိုပါအဆောက်အဦ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး စာရေးဆရာမ မေ့ကျော့ရှင်း၏ "ကလေးတို့ရေလာကြလာကြ" စာအုပ်(စတုတ္ထတွဲ)တွင် ပါရှိသည့် "သားကောင်မဖြစ်ရလေအောင်" ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးပေးခဲ့သည်။ ၎င်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော မချိုမာလင်းက အောင်မြင်သူနဲ့ ရှုံးနိမ့်သူခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပြည့်ဖြိုးအောင်က ဂါရဝနှင့် အဂါရဝ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မလပြည့်ဝန်းက သန့်စင်သော ပတ်ဝန်းကျင်ကို ဖန်တီးကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးကြရာ လက် ထောက်ညွှန်ကြားရေးမှူးက ခြုံငုံသုံးသပ် ဆွေးနွေးပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စန္ဒာကြည်(ခရိုင်၊ ပြန်/ဆက်)