စဉ့်ကိုင်မြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ နှင့် ဒေသခံပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွေ့ဆုံဆွေးနွေး

စဉ့်ကိုင် စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့်ကျေးရွာဒေသခံပြည်သူများတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီက ကြက်လျှာကျေးရွာအုပ်စုအတွင်းရှိ ရွာလယ်ဓမ္မာရုံတွင်တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဗိုလ်အောင်မောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲ့၀င်(၁)ဗိုလ်မှူးပြည့်ဖြိုးအောင်က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှချက်ခြင်း ညှိနှိုင်းဆောင် ရွက်ပေး၍ရမည့် လုပ်ငန်းများကို ညှိနှိုင်းဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း အသေးစိတ်  ရှင်းလင်းပြောကြားခဲ့ သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူးရဲမှူးသိန်းလွင်ကလုံခြုံရေးနှင့်တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စများ၊အခြေအနေ များကိုရှင်းလင်းဆွေးနွေးခဲ့ပြီး  မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်ပညာရေး ၊မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်လျှပ်စစ်ဌာန၊ မြို့နယ်ဆည်မြောင်း ဦးစီးဌာန၊ ရေအရင်းအမြစ်ဦးစီးဌာန၊ ကျေးလက်လမ်းဦးစီးဌာန၊ အစရှိသည့်ဌာနများမှ  တာ၀န်ရှိသူများကလည်း  ကျေးရွာအတွက် မိမိတို့ဌာနအလိုက်ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများကို အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြရာ ကျေးရွာပြည်သူများက မှတ်ပုံတင်၊ အိမ်ထောင်စုဇယားများ၊  လိုအပ် လျက်ရှိကြောင်းလယ်ယာမြေများတွင် ရေလိုအပ်မှုအခြေအနေမြေယာပုံစံ(၇)များအမြန်ရရှိရေး ကိစ္စများကိုတင်ပြကြရာတာ၀န်ရှိသူများကအသီးသီးဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ရောဂါ  ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိနေသူများကို ထိုးနှံပေးခဲ့ပြီး တက်ရောက်လာသည့်  ပြည်သူများအား  လျှပ်စစ်၊  ရေအရင်းအမြစ် ၊  မြို့နယ် မွေးမြူရေးနှင့်ကုသရေး၊ မီးသတ်တပ်ဖွဲ့တို့က မိမိတို့ဌာန မှ အသိပညာပေး  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ အဆိုပါ တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲသို့မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊  ကျေးလက်ဒေသနှင့် ဆက်စပ်သည့်ဌာနဆိုင်ရာများ၊ ကြက်လျှာကျေးရွာပြည်သူများနှင့်  ရပ်မိရပ်ဖများ  စုစုပေါင်း(၁၅၀)ဦးတက် ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)