ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဟောပြောပွဲကျင်းပ

ဒဂုံဆိပ်ကမ်း စက်တင်ဘာလ ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးမဥ္ဇူက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုအန္တရာယ်ကို သိရှိပြီးကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကံပိုက လူကုန်ကူးမှုနှင့်ပတ်သက်၍ရှောင်ရန်၊ ဆောင်ရန်အချက်များကိုလည်းကောင်း၊ အမှတ်(၆) လူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့စုမှ ရဲအုပ်သန်းထွန်းနိုင်က လူကုန်ကူးမှုဆိုသည်မှာ လူကုန်ကူးမှုပေါ်ပေါက်လာသည့်အကြောင်း အရာများ၊ လူကုန်ကူးခြင်းနှင့် လူမှောင်ခိုခြင်း၊ လူကုန်ကူးခံရနိုင်သည့် အဓိကအကြောင်းအရာများနှင့် ပြစ်မှုပြစ်ဒဏ်များကို အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူများအားလူကုန်ကူးမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် နံရံကပ်စာစောင်များအား ပြသထားလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အေးမဥ္ဇူ(ပြန်/ဆက်)