တိုက်ကြီး စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အသိပညာပေး Talk Show ကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အသိပညာပေး Talk Show တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန်းကလျာခိုင်က စာမတတ်သူများကင်းဝေးပြီးစာတတ်ခြင်းဖြင့် အသိပညာဗဟုသုတများကို ရှာဖွေဆည်းပူးနိုင်ရေးအတွက် ကျင်းပရခြင်းရည်ရွယ်ချက်ကို ဆွေးနွေးသည်။ ဆက်လက်၍ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး ဒေါ်သိမ်းသိမ်းဖြူက စာတတ်မြောက်ရေးလှုပ်ရှားမှုတွင် အရေး၊ အဖတ်၊ အတွက် မြင့်မားတိုးတက်လာစေရေးအတွက် ဖော်ဆောင်ရာတွင် စာတတ်သူများ နားလည်နိုင်စွမ်း၊ ဆင်ခြင်တွေးခေါ်မြော်မြင်နိုင်စွမ်း မြင့်မားတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စာပေသည် အသိဉာဏ်အလင်းရောင် မီးရှူးတန်ဆောင်ဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် စာဖတ်ခြင်း၊ ဗဟုသုတရှာခြင်းတို့ကို အစဉ်အမြဲလေ့လာဆည်းပူးကြရန် တိုက်တွန်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အသိပညာပေး Talk Show ကို အများပြည်သူကြည့်ရှုလေ့လာနိုင်ရေးအတွက် တိုက်ကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက် လူမှုကွန်ရက်စာမျက်နှာတွင်လည်း ထုတ်လွှင့်တင်ဆက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
စန်းကလျာခိုင်( ပြန် / ဆက်)