ဝမ်းတွင်း စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် ထနောင်းကုန်းကျေးရွာတွင် စိုက်ပျိုးထားသော အထွက်တိုးမြေပဲစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူမျာထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း ဩဂုတ်လ(၁)ရက်နေ့မှ စတင်၍ စိုက်ပျိုးခဲ့သော အထွက်တိုးမြေပဲစိုက်ခင်းများအနေဖြင့် ရာသီဥတုနှင့် မိုးရေရရှိမှုများကြောင့် ရက်(၄၀)သားအချိန်တွင်အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး တောင်သူများစိုက်ပျိုးထားရှိသော အထွက်တိုးမြေပဲများသည် စိုက် ပျိုးပြီးချိန်မှစ၍ ရက် (၉၀နှင့်၁၀၀) ကြားတွင် နုတ်ယူရိတ်သိမ်းကြကြောင်းသိရသည်။ အထွက်တိုးမြေပဲများ စိုက်ပျိုးသည့်တောင်သူများအနေဖြင့် ယခင်နှစ်ကဆိုလျှင် တစ်ဧက မြေပဲတင်း(၈၀)ကျော်ရှိထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် တစ်တင်းလျှင် ကျပ်(၁၅၀၀၀)ထိရရှိကာတောင်သူများအနေဖြင့် အဆင်ပြေကြောင်းနှင့် ယခုနှစ်မြေပဲပေါ်ချိန်တွင် ဈေးကောင်းများရရှိရန်မျှော်လင့်ကြောင်း တောင်သူဦးကျော်ထံမှ သိရ သည်။
အဆိုပါ ထနောင်းကုန်းကျေးရွာတွင် အထွက်တိုးမြေပဲများစိုက်ပျိုးထားသော တောင်သူ(၄၀)ကျော်နှင့် စိုက်ပျိုးဧက(၇၀)ကျော်ရှိကာ ယခုနှစ် မြေပဲစိုက်ရာသီတွင် မျိုးစေ့ဈေးနှုန်းမြှင့်တက်ခဲ့တာကြောင့် မြေပဲများဖော်ချိန်တွင် ဈေးနှုန်းကောင်းရရှိရေး တောင်သူများအနေဖြင့် မျှော်လင့်လျက်ရှိကြောင်းသိရသည်။
ရဲမျိုးသက်(ဝမ်းတွင်း)