ဆီဆိုင်မြို့၌ မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေး

ဆီဆိုင်   စက်တင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် အမျိုးသမီးငယ်လေးများ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်နိုင်ရန်ရည်ရွယ်၍ အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ်မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေးကို ဆီဆိုင်မြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ထိုးနှံပေးသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းတွင် ဆီဆိုင်မြို့မိခင်နှင့်ကလေးကျန်းမာရေး ဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များရှိ အသက် ၉ နှစ်မှ ၁၀ နှစ်အရွယ်မိန်းကလေးငယ်များကို ဒုတိယအကြိမ် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီးနောက် ကျန်းမာရေးဝန်ထမ်းများက HPV ကာကွယ်ဆေးသည် တစ်ကြိမ်နှင့်တစ်ကြိမ် ၁၂ လခြားပြီးမှ ဒုတိယအကြိမ်ထိုးနှံရကြောင်း၊ သားအိမ်ခေါင်းကင်ဆာ၏ ရောဂါလက္ခဏာများ၊ သားအိမ်ခေါင်း ကင်ဆာဖြစ်ပွားပါက နောက်ဆက်တွဲဖြစ်ပွားနိုင်သည့် ရောဂါလက္ခဏာများ၊ HPVပိုးကူးစက်ခံရပြီး သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနိုင်သည့် အချိန်ကာလများနှင့် HPV ကာကွယ်ဆေးသည် ဘေးကင်းစိတ်ချရသည့် ကာကွယ်ဆေးဖြစ်ပြီး HPVရောဂါပိုးကြောင့်ဖြစ်ပွားနိုင်သည့် ကင်ဆာရောဂါများကို ထိထိရောက်ရောက် ကာကွယ်နိုင်ကြောင်း စသည်တို့ကိုလည်း အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)