သံတွဲ စက်တင်ဘာ ၉
သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၁ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ကျင်းပပြုလုပ်သည်။
ပြိုင်ပွဲမစတင်မီ ဒိုင်ချုပ် ထိုက်တန်(သံတွဲ)က ပြိုင်ပွဲစည်းမျည်းစည်းကမ်းများနှင့် အမှတ်ပေး စည်းကမ်းများကို ရှင်းလင်းပြောကြားသည်။ အဆိုပါပြိုင်ပွဲသို့ အခြေခံပညာကျောင်းများမှ အလယ်တန်း အထက်ဆင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူ (၂၇)ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူ လူငယ်များအား အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ပြီး စာကြည့်တိုက်ရင်းနှီးကျွမ်းဝင်မှုရရှိစေကာ အသိပညာဗဟုသုတများ တိုးပွါးစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများ ထက်မြက်လာစေရန်၊ အစုအဖွဲ့များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရေးတို့ကို ရည်ရွယ်၍ ယခုကဲ့သို့ ပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)