ကျောက်ဆည်မြို့တွင် ပဲစင်းငုံသီးနှံ (၁၂၄၆) ဧကစိုက်ပျိုးပြီးဖြစ်

ကျောက်ဆည် စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပဲမျိုးစုံအထွက်နှုန်း ကောင်းမွန်စေရေးအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပဲစင်ငုံ (၁၆၉၁) ဧကလျာထားပြီး (၁၂၄၆) ဧက စိုက်ပျိုးပြီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

ပဲစင်ငုံသီးနှံသည် ကာလရှည်သီးနှံတစ်မျိုးဖြစ်ပြီး  ပဲတီစိမ်း၊ ဝါ၊ နှမ်းသီးနှံများနှင့်တွဲဖက်ကာ သီးညှပ်အဖြစ် အတန်းလိုက်စိုက်ပျိုးကြကြောင်း၊ သီးညှပ်သီးနှံများ ရိတ်သိမ်းပြီးချိန်တွင် မြေဆွခြင်း၊ ပေါင်းရှင်းခြင်းနှင့် လိုအပ်သည့် ဆေးများဖျန်းပေးခြင်း စသည့် ပြုစုခြင်းများ ဆောင်ရွက်ခြင်းဖြင့် ပဲစင်ငုံအပင်များဖြစ်ထွန်းလာ၍ အပွင့်များဖြိုင်ဖြိုင်ပွင့်လာပြီး အသီးအကင်းများ စတင်သီးလာကြောင်းနှင့် သက်တမ်း(၆)လနှင့် (၇)လတွင် ရိတ်သိမ်းရကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဒေသနှင့်ကိုက်ညီသည့် ရွှေဒင်္ဂါးပဲစင်ငုံမျိုးများ ရွေးချယ်ပြီး အရှေ့ငယ်တိုး- ထန်းဇင်တော်- ငှက္ကတောင်- ရွှေဒါး- ရဲဘော်ကြီး ကျေးရွာအုပ်စုများတွင်(၁၂)ဧက၊ ဖျောက်ဆိပ်ပင်- ရွာသစ်- ရေသရောက်- ချောင်းဆုံ- သရက်ပင်- ရဲ- ကြောင်- ဇရစ်ခဲ- အုန်းချော- ကြက်သားဟင်း ကျေးရွာအုပ်စုများတွင် (၁၁၃၉) ဧကနှင့် ဆူလေကုန်း- ပေါက်ပင်ကွေ့- မြေစိုမိုး- ပဲခင်း- ပေါင်လောင်- တောင်တော်- ကင်းကျေးရွာအုပ်စုများတွင် (၉၅)ဧက စုစုပေါင်း(၁၂၄၆)ဧက စိုက်ပျိုးပြီးကြောင်းနှင့် ပဲတီစိမ်းစိုက်ခင်းများ အောင်မြင် ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက နည်းပညာများ စနစ်တကျ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)