တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်း ဖွင့်လှစ်နိုင်ရေး ဆွေးနွေးညှိနှိုင်း

တန့်ယန်း  စက်တင်ဘာ  ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးစံအေးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသစ်ထွန်းက ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုကို ရှင်းလင်တင်ပြကာ အစည်းအဝေးသို့ တက်ရောက် လာကြသော မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ဝိုင်းဝန်း အကြံပြု ဆွေးနွေးခဲ့ကြသည်။

မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများအနေဖြင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ဆောင်ရွက် နိုင်ရန် ရည်ရွယ်၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ရာ မြို့ပေါ်ရပ်ကွက် (၁၀)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၄၉)အုပ်စု အတွင်းရှိ ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများအား စက်တင်ဘာလ (၁၇)ရက်နေ့နှင့် (၁၈)ရက်နေ့များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး လမ်းညွှန်ချက်များနှင့်အညီ (နှစ်)နေရာခွဲ၍ သင်တန်းဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)