တကောင်း စက်တင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ (လူငယ်နှင့် ပညာဆိုင်ရာစာစု) စာအုပ်ဖြင့် ယမန်နေ့မွန်းလွဲ ၁နာရီအချိန်က ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင်မှ အမှာ စကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်သီရိအောင်က လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ မိမိတို့ ဖတ်ရှုလေ့လာထားသည့် စာပေများအား ပြန်လည်မျှဝေတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် လေ့အကျင့်များရရှိစေရန်စသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဆရာကြီး ဦးဩနှင့် ဦးတင်ဝင်းတို့က အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ်ပါအကြောင်းအရာများအား အကျယ်တဝင့်ဆွေးနွေး ပြောကြားခဲ့ပြီး တက်ရောက်လာသူများမှ အပြန်အလှန်ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက်စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများမှ ပြည်သူ့စာကြည့်တိုက်ရှိ သုတ/ရသစာအုပ်များ ခင်းကျင်းပြသထားမှုနှင့် သွေးလွန်တုပ် ကွေးရောဂါကာကွယ်ရေး အသိပညာ ပေးနံရံကပ်စာစောင် ပြသထားမှုတို့ကိုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သီရိအောင်(တကောင်း)