တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများပူးပေါင်း၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

တနိုင်း စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို စက်တင်ဘာလ (၇) ရက်နေ့ မွန်းလွဲ (၂) နာရီက  မူလတန်းလွန် ဟူးကောင်းကျောင်း၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တနိုင်းမြို့နယ် ရဲမှူး သက်နိုင်ဦးက မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လူကုန်ကူးပုံစံများအကြောင်း၊ လူကုန်ကူးခံရခြင်းကြောင့် ရရှိနိုင်သော ဆိုးကျိုး များ၊ လူကုန်ကူးခံနိုင်ရသူများ၊ လူတိုင်းသတိပြုရမည့်အချက်များ၊ မည်သူမဆိုလူကုန်ကူးခံနိုင်ရ ကြောင်းများအား ရှင်းလင်းဟောပြော‌ခဲ့ပြီး ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းက ကျောင်းသား၊ ကျောင်းသူ ကျောင်းမှန်မှန်တက်ပြီး ပညာကိုသေချာလေ့လာ သင်ယူကြရန်နှင့် လူကုန်ကူးမခံရ အောင် ဂရုပြုသွားလာနေထိုင်ကြရန် မှာကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦးက လူငယ်နှင့် ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး မူလတန်းလွန်ဟူးကောင်း ကျောင်းဆရာမကြီး ဒေါ်ညိုမာက လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲတွင် ဟောပြောပေးသည့် ဌာနဆိုင်ရာအကြီးအကဲများအား ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်များအား စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မနောမြေ(တနိုင်း)