တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ

တံတား   စက်တင်ဘာ   ၉

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အများပြည်သူအသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှုလိုသည့် အလေ့အကျင့်ကောင်းများရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန် မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန်  စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍(Women Club) အဖွဲ့ဝင်များနှင့် (Book Club)အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ မြင်းခြံကျော်အောင်ရေးသားသည့် ကျန်းမာချမ်းသာအောင်ဘယ်လိုလုပ်မလဲ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် ( ၁၀ )နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူးဒေါ်မိုးဖြူလွင်က လူလတ်ပိုင်းအရွယ်ကျန်းမာရေး ‌ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် ကျန်းမာရေးသည်အရွယ်တိုင်းအတွက် အရေးကြီးလှကြောင်း၊ လူလတ်ပိုင်းအရွယ်များမကျန်းမာပါက တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်ကြောင်း၊ ကျန်းမာရေးဗဟုသုတသည် လူလတ်ပိုင်းအရွယ်တွင် ရှာဖွေဖြည့်ဆည်းရမည့် ပညာဗဟုသုတဖြစ်ကြောင်း၊ လူလတ်ပိုင်းအရွယ်သည် အစားအစာများလွန်လွန်ကျူးကျူးစားသုံးခြင်းကို ရှောင်ကြဉ်ခြင်း၊  အရက်သေစာများကိုဆင်ခြင်သောက်သုံးခြင်း၊ အားကစားလှုပ်ရှားမှုတစ်ခုခုပြုလုပ်ခြင်း၊ အာဟာရမျှတစွာစားသုံးခြင်း၊ ဘာသာတရားလေးစားလိုက်နာခြင်း၊ ကျန်းမာရေးဗဟုသုတအား မိသားစုသို့မျှဝေနိုင်ခြင်းစသော ရှောင်ကြဉ်ရန်နှင့် လိုက်နာရမည့်အချက်အလက်များအား လိုက်နာခြင်းဖြင့်ကျန်းမာခြင်း၊ ချမ်းသာခြင်းသုခများအား ခံစားနိုင်မည်ဖြစ်ကြောင်း၊ ကျန်းမာခြင်းဖြင့်မိသားစုကိုဦးစီးဦးဆောင်ပြုလုပ်နိုင်ကြောင်း၊ မိမိပတ်ဝန်းကျင်ကို အကျိုးပြုနိုင်ကြောင်း၊ လူတို့၏ကျန်းမာမှုသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတည်းဟူသော လေးပါးသောအခြေခံပေါ်မူတည်ကြောင်း ဆွေးနွေးပြောကြားပြီးနောက်(Book Club)အဖွဲ့ဝင် ဦးမျိုးမင်းဇော်မှ အသက်ဉာဏ်စောင့် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (Women Club)အဖွဲ့ဝင် ဒေါ်ခိုင်ပြည့်စုံမှ ကြီးပွားအောင်မြင်ရေးဖြည့်ဆည်းပေး ခေါင်းစဉ်ဖြင့်လည်းကောင်း ဆက်လက်ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသော စာပေဝါသနာရှင်များမှ အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင် (တံတား)