ချီဖွေ စက်တင်ဘာ ၉
ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှု မရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပထွက်ခွာသူများ နှာခေါင်းစည်း Mask တပ်ဆင် သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၆ နာရီခွဲက Mask Campaign ဆောင်ရွက်ခဲ့သည်။
အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအသင်းအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့တို့က ပူးပေါင်း၍ ဒေသတွင်းသွားလာကြသည့် ခရီးသွားပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ် မိဘပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များကို ဆက်လက်လိုက်နာကျင့်သုံးကြရန်၊ ပါးစပ် နှာခေါင်းစည်း (Mask) ကို လူထူထပ်သော နေရာများသို့ သွားလာပါက စနစ်တကျ တပ်ဆင်သွားလာကြရန် အသိပညာပေး ပိုစတာ "ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ကာကွယ်ဖို့ မောင်တို့မယ်တို့ လိုက်နာစို့" လက်ကမ်းပိုစတာများနှင့် နှာခေါင်းစည်း (Mask) များအား ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လှုပ်ရှားဆောင်ရွက်မှုကို ချီဖွေမြို့နယ် မြို့မစျေး၊ လူစည်းကားရာ လမ်းဆုံလမ်းခွများ၊ ကုန်စုံဆိုင်များနှင့် ခရီးသွားလာကြသည့် ပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မေခမွန်(ပြန်/ဆက်)