မြစ်ကြီးနား စက်တင်ဘာ ၈
ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖွင့်လှစ်လျက်ရှိသည့် လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများမှ သင်ကြားရေး ဆရာမများအား ထောက်ပံ့ကြေးငွေနှင့် သင်ထောက်ကူပစ္စည်းများဝယ်ယူရန် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို စက်တင်ဘာ ၈ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးဌာနမှူးရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက အဖွင့်ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများမှ သင်ကြားရေး ဆရာမများအား ထောက်ပံ့ကြေးငွေနှင့် သင်ထောက်ကူ ပစ္စည်းများ ဝယ်ယူရန် ထောက်ပံ့ငွေပေးအပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများမှ သင်ကြားရေးဆရာမများအား ထောက်ပံ့ငွေကျပ်နှင့် သင်ထောက်ကူ ပစ္စည်း များဝယ်ယူရန် ထောက်ပံ့ ငွေကျပ်များပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းများကိုယ်စား ဆရာမတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
အခမ်းအနားတွင် မြစ်ကြီးနားခရိုင်နှင့် ပူတာအိုခရိုင်ရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းပေါင်း (၂၆) ကျောင်းမှ သင်ကြားရေးဆရာမများအတွက် ထောက်ပံ့ငွေ (၂၄၉၆၀၀၀၀) ကျပ်နှင့် သင်ထောက်ကူပစ္စည်းဝယ်ယူနိုင်ရေးအတွက် ငွေ(၂၆၀၀၀၀၀)ကျပ်အား ထောက်ပံ့ပေးအပ်နိုင်ခဲ့ကာ ထောက်ပံ့ငွေ ပေးအပ်ပွဲသို့ ပြည်နယ်၊ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ယော်ဆောင်(ပြန်/ဆက်)