တကောင်း စက်တင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် (၇) နာရီက လူစည်ကားရာနေရာများနှင့် ဈေးလမ်းဆုံတို့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းနိုင် ဦးဆောင်ကာ တကောင်းနယ် မြေစခန်းမှူး ရဲအုပ်အောင်ကိုဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းကာ မြို့တွင်းသို့ ဝင်၊ ထွက်သွားလာသည့် ပြည်သူများ၊ ဈေးရောင်းသူ၊ ဈေးဝယ်သူများအား နေအိမ်ပြင်ပ သို့ထွက်ခွာသည့် အခါတိုင်းနှာခေါင်းစည်း (Mask)ကို မဖြစ်မနေစနစ်တကျ တပ်ဆင် ပြီးမှ သွားလာကြရန်၊ မိမိတို့ဒေသတွင် ကူးစက်မှုများမရှိသေးသည့်အတွက် ပြည်သူများအနေဖြင့် ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ သွားလာနေထိုင်ကြရန် စသည့်ကျန်မာရေးအသိပညာပေးများဆောင်ရွက်ပြီး ဈေးသူ/ဈေးသားများနှင့် ဈေးဝယ်နေသူများ အား နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သီရိအောင် (တကောင်း)