အိမ်ထောင်စုစာရင်းနှင့်မြေပြင်လူဦးရေးစာရင်း တိုက်ဆိုင်စိစစ်၍ ပြင်ဆင်/ဖြည့်စွက်၊ ပယ်ဖျက်ခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအစည်းအဝေးခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က မြေပြင်လူဦးရေစာရင်း တိုက်ဆိုင် စိစစ်၍ ပြင်ဆင်/ဖြည့်စွက်၊ ပယ်ဖျက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် စာရေးများတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မွေးဖွားသည့်ရက်နှင့် လထပ်နေသူများ၊ နိုင်ငံသား (၂) ကြိမ်ပါဝင်နေသူများ၊ နိုင်ငံသား (၃) ကြိမ်နှင့်အထက် ပါဝင်နေသူများ၊ နိုင်ငံသားကတ်မရှိသူများ (၁၈ နှစ်အထက်၊ ၁၈ နှစ်အောက်) စသည့်စာရင်းများကို သေချာစိစစ်ရမည့်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးဦးမှ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများအနေဖြင့် မြေပြင်တွင် မှန်မှန်ကန်ကန်နိုင်ငံသားစိစစ်ရေးကတ်များကို ဖြည့်သွင်းရန်၊ ပင်မလုပ်ငန်းတာဝန်များကဲ့သို့ အလေးထားဆောင်ရွက်ကြရန်၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိဦးမင်းစိုးနိုင်မှ နိုင်ငံသားကတ်(၂)ကြိမ် ပါဝင်နေသူများ၊ (၃)ကြိမ်နှင့် အထက်ပါဝင်နေသူများ၊ နိုင်ငံသားစိစစ်ရေးကတ် အမှန်တကယ်မရှိသူများ (၁၈နှစ်အထက်၊ ၁၈ နှစ်အောက်) စသည့် စိစစ်ပြီးစာရင်းများကို အသေးစိတ်ရှင်းလင်းပေးခဲ့ပြီး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဦးစီးအရာရှိ ဦးအောင်ခန့်ဝေမှ မဲစာရင်းများတွင်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား သေချာစိစစ်ရန်၊ မြေပြင်တွင် နိုင်ငံသားစိစစ်ရေးကတ် အမှန်တကယ်ကွင်းဆင်းဖြည့်သွင်းရမည့် အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးများကမြေပြင်တွင် အမှန်တကယ် ကွင်းဆင်နေမှု အခြေအနေများ၊ အခက်အခဲများ၊ မိမိတို့လုပ်ဆောင်နေသည့် အလုပ်ငန်းအခြေအနေများအား ပြန်လည်တင်ပြခဲ့ကြကြောင်း သိရှိရသည်။

ကျော်ကျော်အောင် (ပြန်/ဆက်)