ပေါက်တောမြို့နယ်၌ မိုးစပါးထိခိုက်ခဲ့သည့် တောင်သူများသို့ ယူးရီးယားဓာတ်မြေဩဇာ(MPE)ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ပေါက်တော စက်တင်ဘာ ၈

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးထိခိုက်ခဲ့သည့် တောင်သူများသို့ ယူးရီးယားဓာတ်မြေဩဇာ(MPE)ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချခြင်း အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးက ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနတို့ ညိုနှိုင်း ဆောင်ရွက်ချက်အရ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းများမှ ထုတ်လုပ်လျက်ရှိကြောင်း၊ ယူးရီးယားဓာတ်မြေဩဇာအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ခေတ္တစိုက်ထုတ်ငွေဖြင့် ပေါက်တောမြို့နယ်အတွင်း မိုးစပါးအထွက်နှုန်း တိုးတက်ရေးအတွက် ဖြန့်ဖြူးရောင်းချရန် အမှတ်(၄)ဓာတ်မြေဩဇာစက်ရုံ မြောင်းတကာ(မှော်ဘီ) ရန်ကုန်မှ ဩဂုတ်လအတွက် ခွဲတမ်းရရှိသော ယူးရီးယားဓာတ်မြေဩဇာ (50-kg)၈၆၆ အိတ်ကို မြို့နယ်ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချရေးကော်မတီ၏ သဘောတူညီချက်ဖြင့် ဖြန့်ဖြူးရောင်းချပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ ပြန်လည် ပေးသွင်းရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဉက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဌေးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော တောင်သူများထံသို့ ဓာတ်မြေဩဇာများပေးအပ်ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ပေါက်တောမြို့နယ်အတွင်းရှိ မိုးစပါးထိခိုက်ခဲ့သည့် ကျေးရွာ ၃၇ ရွာ ၊ တောင်သူ ၉၄၃ ဦး၊ ဧက ၁၆၃၈ ဧက နှင့် ဖြန့်ဖြူးမည့်အိတ် ၈၁၉ အိတ်ကို ဖြန့်ဖြူးရောင်းချသွား မည်ဖြစ်ကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)