ဆီဆိုင် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင် စစ်ဆေးရေးဂိတ်၌ ဝင်/ထွက် သွားလာသော ရဟန်းရှင်လူ မိဘ ပြည်သူများအား ကျန်းမာရေး စစ်ဆေးပေးခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အရှိန် အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်ကျန်းမားရေး ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းအဖွဲ့က ဆီဆိုင်မြို့ အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော ရဟန်းရှင်လူ မိဘပြည်သူ များအား အပြင်ထွက်ပါက မဖြစ်မနေ နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ပြီး သွားလာကြစေရေးအတွက် အသိပညာပေး ပြောကြားခြင်း၊ လက်ဆေးကန်တွင် လက်ဆေးစေခြင်း၊ လက်သန့်ဆေးရည်ဖြင့် စနစ်တကျ လက်ကိုဆေးကြောပေးခြင်း၊ အပူချိန်တိုင်း ကိရိယာဖြင့် ကိုယ်အပူချိန်များ တိုင်းတာ စစ်ဆေးပေးခြင်း၊ ခရီးသွားမှတ်တမ်းများ စနစ်တကျ ကောက်ယူခြင်း နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိသော မိဘပြည်သူများအား ဒဏ်ကြေးပေးဆောင်စေခြင်းများကို နေ့စဉ်မပြတ်ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ ဆီဆိုင်မြို့အဝင် စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အသိပညာ ပေးခြင်း လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ၏ စီစဉ် ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ် ရေးမှူးများ၊ စေတနာ့ဝန်ထမ်း အဖွဲ့တို့ ပူးပေါင်း၍ နေ့စဉ် နံနက် ၈ နာရီအချိန်ခန့်မှ ညနေ ၅ နာရီအချိန်ခန့်ထိ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)