ဗိုလ်တထောင်မြို့နယ်၌ ဆန်၊ ဆီနှင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများသို့ လက်ဝယ်အရောက် ရောင်းချပေး

ဗိုလ်တထောင် စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်အတွက် ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၈:၀၀ နာရီက အမှတ်(၁)ရပ်ကွက် မီးပြဝန်းဓမ္မာရုံ၌ ပြည်သူများလက်ဝယ်သို့ ရောင်းချပေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဗိုလ်တထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမှတ်(၁)ရပ်ကွက် ဆိပ်ကမ်းအာဏာပိုင် မီးပြဝန်းမိသားစုများအား ဆန်တစ်ပြည်လျှင် ငွေကျပ်(၁၆၀၀)၊ ဆီ(၅၀)သားတစ်ဘူးလျှင် ငွေကျပ်(၂၇၅၀)နှင့် ကြက်ဥ(၁)လုံးလျှင် ငွေကျပ်(၁၇၅)နှုန်းဖြင့် လူတစ်ဦးလျှင်ဆန်တစ်ပြည်၊ ဆီ(၅၀)ကျပ်သား၊ ကြက်ဥ (၁၀)လုံးတို့ကို ရောင်းချပေးခဲ့သည်။

အဆိုပါမီးပြဝန်းတွင် ဆန်(၁၀)အိတ်၊ ဆီ(၁၁၀)ပိဿာ၊ ကြက်ဥအလုံး(၁၀၀၀)တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ရာ မီးပြဝန်းအိမ်ရာနေ ဒေါ်အေးအေးငွေက “အခြေခံစားသောက် ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရပ်ကွက်အတွင်းသို့ လက်ဝယ်အရောက် ရောင်းချပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဈေးနှုန်းသက်သာသည့်အတွက် စားသောက်ရေးအဆင်ပြေကြောင်းထက်မံ၍ လာရောက်ရောင်းချပေးပါရန်” ပြောကြားခဲ့ကြောင်းသိရသည်။

သိန်းသိန်း (ဗိုလ်တထောင်)