သီပေါ စက်တင်ဘာ ၁၅
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပ နိုင်ရေး အတွက် ဒုတိယအကြိမ် မဲစာရင်းများ ကပ်ထားကြေညာနိုင်ရေးနှင့် မြို့နယ်မဲဆန္ဒရှင် စာရင်းစိစစ်ရေး လုပ်ငန်းကော်မတီက မဲဆန္ဒရှင် စာရင်းများ တိကျမှန်ကန်မှုရှိစေရေး ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ယမန်နေ့ မွန်းလွဲ (၃)နာရီခန့်က မဲစာရင်းများ ပြည့်စုံမှန်ကန်ရေး စိစစ်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပထမအကြိမ်မဲစာရင်း မပါဝင်သူများကို ဒုတိယအကြိမ်တွင် မှန်ကန်စွာ ပါဝင် နိုင်ရေး၊ မဲစာရင်းအချက်အလက်များ မှားယွင်းနေမှုများ မှန်ကန်မှုရှိစေရေး၊ ပုံစံ(၃)ဖြင့် ပထမအကြိမ် တောင်းဆိုသူများ ဒုတိယ အကြိမ်တွင် ပါဝင်နိုင်ရေး၊ ပုံစံ(၄)၊ ပုံစံ(၄−ဂ) ပြင်ဆင်ခြင်းနှင့် မှတ်ပုံတင်မှားယွင်း နေမှုများနှင့် ကွက်လပ်များကို ပြင်ဆင်ဖြည့်စွက် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဒုတိယအကြိမ် မဲစာရင်းများကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကပ်ထားကြေညာနိုင်ရေးနှင့် တိကျသည့် မဲဆန္ဒရှင် စာရင်းများ မှန်ကန်မှု ရှိစေရေးအတွက် စိစစ်ခြင်းလုပ်ငန်းကို စက်တင်ဘာလ(၇)ရက်နေ့မှ စတင်၍ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)