မြင်းခြံမြို့တွင် ညမထွက်အမိန့် ကြေညာ

မြင်းခြံ၊ စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ညမထွက်အမိန့်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ယမန်နေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါဟာ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံလျက်ရှိပြီး မြန်မာနိုင်ငံမှာလည်း ပြည်တွင်း ကူးစက်မှုနှုန်းမြင့်တက်နေခြင်းအပြင် မြင်းခြံမြို့မှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူ (၅၂) ဦးထိ ရှိနေပြီး ထပ်မံဆင့်ပွားကူးစက်ခံရမှုတွေမဖြစ်ပွားစေဖို့ ယခုလို ညမထွက်ရအမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က ပြောသည်။

ထုတ်ပြန်ကြေညာချက်တွင်“မြင်းခြံမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် အဆိုပါရောဂါ ကူးစက်ခံရမှုမရှိစေရေးနှင့် အချိန်မီထိန်းသိမ်းနိုင်ရေးတို့အတွက် အရေးပေါ်ကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ၏ခွင့်ပြုချက်အရမှအပ ယနေ့မှစ၍ နေ့စဉ်ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရ” ဟု ပါရှိသည်။

အဆိုပါ အမိန့်ထုတ်ပြန်ကြေညာချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများ အရ အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။                        

ကျော်စွာ(မြင်းခြံ)