သီပေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အထူးရဲ (၁၀၆)ဦး ခန့်အပ်သွားမည်

သီပေါ စက်တင်ဘာ ၁၅

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် မဲရုံလုံခြုံရေး တာဝန်ထမ်းဆောင်ရန် အထူးရဲ(၁၀၆)ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သီပေါမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)တွင် မဲရုံ(၅၄)ရုံနှင့် အမှတ်(၂)တွင်မဲရုံ(၅၇)ရုံ စုစုပေါင်း  လျာထားမဲရုံ(၁၁၁)ရုံရှိပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲ(၁၀၆)ဦးကို ခန့်အပ်သွားမှာဖြစ်ကြောင်း၊ အထူးရဲများ အနေဖြင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်ခွဲ၊ အဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ် ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေးကို တာဝန်ယူဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း၊ မိမိတို့တို့ နယ်မြေခံ ရဲတပ်ဖွဲ့အနေဖြင့်လည်း ရွေးကောက်ပွဲကာလတွင် မဲဆန္ဒရှင်များ မဲမပေးနိုင်အောင် နှောက်ယှက် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နှင့် ကိုက် ၅၀၀ အတွင်း အသံချဲ့စက်များ ဆူညံစွာ ဖွင့်လှစ်မှုမရှိစေရေး၊ မူးယစ်သောက်စား ရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် ရပ်ကင်း၊ လှည့်ကင်းများဖြင့် လုံခြုံရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။

ရွေးကောက်ပွဲအတွက် အထူးရဲများကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှစ၍ ၂၀၂၀ ပြည့်နှစ်၊  နိုဝင်ဘာလ (၁၅)ရက်နေ့အထိ ရက်ပေါင်း (၄၆)ရက် ခန့်အပ်တာဝန်ပေးသွားမည် ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲ ကျင်းပပြီးချိန် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ဆက်လက် တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိပါက လျှောက်ထားနိုင်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)