ကျောက်ဆည်မြို့နယ် သင်ပုတ်ကျေးရွာတွင် နဂါးမောက်ပင်များ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည်  စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ဆည်၊မြောင်း၊ချောင်းကန်ပေါများသဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ယာ မြေအချို့တွင် သီးပင်စားပင်များစိုက်ပျိုးကြကြောင်းနှင့် သင်ပုတ်ကျေးရွာတွင် တစ်နိုင်တစ်ပိုင်စီးပွားဖြစ်စိုက်ပျိုးထားသော နဂါးမောက်ပင်များ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း သိရသည်။

နဂါးမောက် စိုက်ပျိုးမည်ဆိုပါက (၃)ပေအကျယ်၊ (၃)ပေအနက် မြေကျင်းများတွင် သဘာဝမြေဆွေးများထည့်ကာ စိုက်ပျိုးရကြောင်း၊  နှစ်ရှည်သီးနှံဖြစ်သဖြင့် နဂါးမောက်စိုက်ပျိုးသူများအနေဖြင့် ကွန်ကရစ်တိုင်များ အသုံးပြုပြီ လေဝင်လေထွက်ကောင်းမွန်စေရေးအတွက် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း(၈)ပေ အကွာစိုက်ပျိုးရကြောင်းနှင့် စိုက်ပျိုးပြီး(၃)လအကြာတွင် အပင်ခြေများ၌ သဘာဝမြေ ဆွေး၊ နွားချေးနှင့်အတူ အာမိုမြေဩဇာ လက်တစ်ဆုပ်ခန့်ရောစပ်ကာ  ထည့်ပေးရကြောင်းနှင့် ရေကြိုက်နှစ်သက်သောကြောင့် အစိုဓာတ် မပျက်စေရေး ရေသွင်းပေးရပြီး ရာသီဥတုပူပြင်းပါက အပင်များပေါ်သို့ ရေဖျန်းပေးရကြောင်း သိရသည်။

နဂါးမောက်သီးနှံသည် သွင်းအားစုကုန်ကျစရိတ်သက်သာပြီးမိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်သည့်နှစ်ရှည်သီးနှံတစ်မျိုးဖြစ်ကာ စိုက်ပျိုးပြီးတစ်နှစ်အကြာတွင် စတင်ခူးဆွတ်ရကြောင်း အပင်အပြုအစု ကောင်းမွန်ပါက သက်တမ်း(၁၇)နှစ်အထိ ခူးဆွတ်ရောင်းချရကြောင်းနှင့် ဆေးဖက်ဝင်သီးနှံတစ်မျိုး ဖြစ်ပြီး ရောင်းချရာတွင် အသီးအရွယ်အစားအပေါ်မူတည်၍ ငွေ(၂၀၀)ကျပ်မှ(၄၀၀)ကျပ်အထိ ရောင်းချ ရသဖြင့် မိသားစုစားဝတ်နေရေးအဆင်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း သင်ပုတ်ကျေးရွာမှ နဂါးမောက် စိုက်တောင်သူ ဦးဇာ်နိုင်ထံမှ သိရသည်။

သက်မောင်(ကျောက်ဆည်)