ကွတ်ခိုင် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ၊ မျိုးဗီဇပြောင်းမျိုးကွဲ (B-5)ရောဂါပိုးကူစက်ပြန့်ပွားမှုမရှိစေရန်အတွက် ပြည်သူများအား ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေးအသိပညာပေးခြင်းနှင့် Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံအတွင်း အချို့သောမြို့များတွင် ကိုဗစ်-၁၉၊ မျိုးဗီဇပြောင်းမျိုးကွဲ (B-5)ရောဂါပိုး စတင်ကူးစက်မှုများ တွေ့ရှိလာရသဖြင့် ကွတ်ခိုင်မြို့နယ်အတွင်း ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကွတ်ခိုင်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမူဆောင်အရာရှိ ဦးအောင်ကျော်ဟိုးနှင့် ဝန်ထမ်းများက အများပြည်သူ အများဆုံးလာရောက်စုဝေး ရောင်းဝယ်ဖောက်ကားမှုပြုရာ မြို့မစျေးကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး အများပြည်သူ လိုက်နာဆောင်ရွက်ရမည့်အချက်များအား ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာနိုင်စေရန် လက်ကိုင်အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း (mask) အခုရေ (၂၀၀၀) ခုအား စျေးသည်၊စျေးဝယ်သို့ အခမဲ့ဖြန်ဝေခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချစ်မျိုးဦး (ကွတ်ခိုင်)