နောင်ချို စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့တွင် ကျရောက်သော နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ စာတတ်မြောက်ရေးနေ့၏ ရည်ရွယ်ချက် “အ”သုံးလုံး၏ အဓိပ္ပာယ် စသည်တို့ကို ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက ပြန်လည်ဖြေကြားခဲ့သည်။ ထို့နောက် တာဝန်ခံ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုမြင့်ဌေးက ဟောပြောပွဲ ပြုလုပ်ရခြင်းနှင့် စာစီစာကုံးပြိုင်ပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ဟောပြောပွဲသို့ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ (၄၅)ဦး တက်ရောက်ခဲ့ပြီး စာစီစာကုံး ပြိုင်ပွဲအား အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၉)ဦး ဝင်ရောက် ဖြေဆိုခဲ့ကြကြောင်းနှင့် ဖြေဆိုသူများအား ပထမ၊ ဒုတိယ၊ တတိယ ရွေးချယ်ကာ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း အမှတ်(၁) အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) တာဝန်ခံ ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ထွေးငယ်(နောင်ချို၊ပြန်/ဆက်)