မတ္တရာ၊ စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် ကိုဗစ် − ၁၉ ရောဂါ ကြို တင်ကာကွယ်နိုင်ရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈နာရီက ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ပျံကျစျေးတွင် ဆောင်ရွက်ခဲ့သည်။
ထို့သို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဒေါ်ချိုဇင်မြင့် ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့ မြို့မစျေးတာဝန်ခံ ဦးကျော်ခိုင်နှင့်ဝန်ထမ်းများပူးပေါင်း၍ စျေးရောင်းချသူများနှင့် စျေးဝယ်သူများ၊ လှုပ်ရှားသွားလာနေကြသော ပြည်သူများအား နေအိမ်ပြင်ပသို့ထွက်တိုင်း နှာခေါင်းစည်းများ စနစ်တကျအသုံးပြုရေးတို့ကို ပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း (၁၀၀၀) ခုအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များအတိုင်း အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပြီး လိုက်နာဆောင်ရွက်ခြင်းမရှိသူများကိုလည်း စစ်ဆေးအရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
စိုးကျော်သူထွေး (မတ္တရာ)