ရန်ကုန် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်သည် Stay at Home အစီအစဉ်တွင် အကျုံးဝင်သည့်မြို့ ဖြစ်သည့်အတွက် မြို့နယ်အတွင်း ရောဂါဆက်လက် မပြန့်ပွားစေရန်နှင့် ထိန်းချုပ်၊ ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနနှင့် ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းတွင် စက်ရုံအလုပ်သမားများ အများဆုံး
နေထိုင်သည့် သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စုနှင့် ကုန်းတလပေါင်ကျေးရွာအုပ်စုသို့ သွားရောက်ကြပြီး အောင်စည်းခုံလမ်း၊ ဇောတိကလမ်း၊ ရွှေစေတီလမ်းတို့တွင် စက်ရုံအလုပ်သမားများ အလုပ်သွားသည့် အချိန်တွင် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ပြုလုပ်ခဲ့ပြီး Mask အခုရေ (၃၀၀၀)နှင့် Hand Gel (500)ဗူး အား အခမဲ့ဝေငှပေးသည်။
မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို မြို့နယ်အတွင်းရှိ ပြည်သူများ စနစ်တကျ လိုက်နာစေရေးနှင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အသိပညာပေးနှိုးဆော်မှုများနှင့်အတူ နေအိမ်ပြင်ပ မဖြစ်မနေ သွားလာသူများအား နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်မှုရှိ/မရှိ စစ်ဆေးခြင်းများ၊ ကိုယ်အပူချိန်တိုင်းတာ၍ ကိုယ်ရေးအချက်အလက် မှတ်သားခြင်းများကို မြို့နယ် အတွင်း အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဆန်းကျော်ဦး (ပြန်/ဆက်)