မြစ်ကြီးနား စက်တင်ဘာ ၈
ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များ သတ်မှတ်ချိန်အမီ ရေးဆွဲ တင်ပြနိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ခေတ္တဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ကချင်ပြည်နယ်အတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများကို လျင်မြန်စွာ အကောင်အထည် ဖော် ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများမှ စိစစ်ခြင်းမပြုမီ ပြည်နယ်စီမံကိန်း ဦးစီးဌာနရုံးများက ကြိုတင်စိစစ်သွားမည် ဖြစ်ပါသဖြင့် သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ အချိန်မီပြုစုပေးပို့နိုင်ရေးနှင့် ပြည်သူများအတွက် တိုက်ရိုက် အကျိုး ရှိထိရောက်သည့် လုပ်ငန်းစီမံကိန်းများဖြစ်စေရေး ဆောင်ရွက်သွားရ မည်ဖြစ်ကြောင်း တိုက်တွန်း မှာကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ရေးဆွဲပြုစုတင်ပြနိုင်ရေး ဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်ဟန်အေးက နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ ရေးဆွဲတင်ပြနိုင်ရေးနှင့် စီမံကိန်းရေးဆွဲရေးဆိုင်ရာ အချက်အလက် များအပေါ် လိုက်နာဖြည့်စွက်ရေးသွင်းရမည့် လုပ်ငန်းများနှင့် စပ်လျဉ်း၍ ပါဝါပွိုင့်ဖြင့်လည်းကောင်း၊ ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဖြည့်စွက်ရှင်းလင်းတင်ပြကြရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)