တန့်ယန်း စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တန့်ယန်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက အမှတ်(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်း မော်တော်ယာဉ်ရုံးရှေ့၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များအား စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးကျော်သူဝင်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး တပ်နယ်မှတာဝန်ရှိသူများက ပြည်သူများအား အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်ကြသည့် ကြက်သား၊ ကြက်ဥ၊ ကြက်သွန်နီ၊ အာလူး၊ ကြာဇံ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ စသည့် စားသောက်ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်းရွက်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ စျေးဝယ်သူများဖြင့် စည်ကားနေကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)