သင်္ဃန်းကျွန်းမြို့နယ်တွင် Quarantine centre ယာယီအဆောက်အဦ ဆောက်လုပ်လျက်ရှိရာသို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်း သင်္ဃန်းကျွန်းမြို့နယ်မှလျှပ်စစ်မီး အဆင်ပြေစေရေး ကြိုးပမ်းဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏအမျိုးသားဘောလုံး အကယ်ဒမီ (ရန်ကုန်) မြက်ခင်းတုဘောလုံးကွင်းဝင်းအတွင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်မှုဖြင့် ဆေးတက္ကသိုလ်(၁)ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုး ဦးဆောင်ကာ  Quarantine ဝင်ရောက်သူများအား ထားရှိနိုင်ရန်အတွက် ယာယီအဆောက်အဦ တစ်လုံး လျှင်လူ(၁၀၀)ဦး၊ Quarantine ဝင်ရောက်နေထိုင်နိုင်မည့် ယာယီအဆောက်အဦ(၂)လုံးကို CNC ကုမ္ပဏီမှ(၅)ရက်အတွင်း အပြီးတည်ဆောက်မည်ဖြစ်ပြီး လူ (၄၀၀) ဦးခန့်ထားနိုင်မည့် ယာယီအဆောက်အဦ Quarantine Center များကိုလည်း ဆက်လက် ဆောက်လုပ်သွား မည်ဖြစ်သည်။
အဆိုပါ Quarantine Center တွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုကိစ္စများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်မည်ဖြစ်ကာ နေထိုင်ရေးနှင့် နေ့စဉ် အစားအသောက် ကုန်ကျစရိတ်များကို ဧရာဝတီဖောင်ဒေးရှင်းမှ ကျခံပေးမည်ဟု သိရသည်။
ထို့အပြင် လာရောက်တာဝန် ထမ်းဆောင်ကြမည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ ဝန်ထမ်းများ၏ နေထိုင်စားသောက်ရေး ကိစ္စများကိုလည်း ဧရာဝတီဖောင်ဒေးရှင်းမှ စီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုးရေးရှင်း သင်္ဃန်းကျွန်းမြို့နယ်မှ တာဝန်ရှိသူများ ကလည်း လျှပ်စစ်ဓာတ်အား အလျင်အမြန် ရရှိစေရန် ကြိုးပမ်းဆောင်ရွက်ပေးလျက် ရှိသည်။
အဆိုပါယာယီ အဆောက်အဦ Quarantine Center တွင် ကိုဗစ်-၁၉ ပိုးတွေ့ ရှိသော်လည်း ရောဂါလက္ခဏာမပြသူများနှင့် ရောဂါပြင်းထန်ခြင်းမရှိသူများကိုသာ ထားရှိကုသပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)