သိန္နီ စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် ကျောင်းသား/ကျောင်းသူ လူငယ်မောင်မယ်များ အသိပညာဗဟုသုတ ကြွယ်ဝစေရေးအတွက် အသိပညာပေးဟောပြောပွဲကို အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၌ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ဟောပြောပွဲတွင် ရှေးဦးစွာ သိန္နီမြို့ လူကုန်ကူးမှု တားဆီးကာကွယ်နှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ ရဲအုပ် တေဇာလွင်က အသက်အရွယ်၊ ကျား၊ မ ၊ မရွေး လူကုန်ကူးခံရနိုင်ကြောင်း၊ လူကုန်ကူးရာတွင် အသုံးပြုလေ့ ရှိသည့် နည်းလမ်းများ၊ လူကုန်ကူးခံရပါက တွေ့ကြုံရသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ လူကုန်ကူးခံရမှုအန္တရာယ်မှ ကင်းဝေးစေရန်အတွက် သတိထား ဆင်ခြင်ဖွယ်ရာ အချက်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အိအိသိမ့်က ကျောင်းသား/ကျောင်းသူ လူငယ်များအား သတင်းမီဒီယာ၏ ပြောင်းလဲလာပုံ အဆင့်ဆင့်များ၊ Social Media အသုံးပြုရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ၊ စည်းကမ်းများ၊ သတင်းတု သတင်းမှားများအား သတိပြုနိုင်ရေး၊ Facebook အသုံးပြုခြင်း၏ ကောင်းကျိုး၊ ဆိုးကျိုးများ၊ လက်ကိုင်ဖုန်းကျင့်ဝတ်များ စသည့် သတင်းအချက်အလက်များနှင့်ပတ်သက်၍ သိရှိနားလည်စေရန် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်နှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဟောပြောပွဲသို့ တက်ရောက် လာကြသော ဆရာ၊ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအား လူကုန်ကူးမှု တားဆီး ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ (၉၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)