လမ်းမတော် စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်အတွင်းရှိ ပြည်သူများ သက်သာချောင်ချီရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့နံနက် ၉နာရီအချိန်ခန့် က လမ်းမတော်မြို့နယ် မော်တင်ယာယီစျေးရပ်ကွက်ရှိ ပြည်သူများထံသို အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၈၅ ကျပ်၊ စားအုန်းဆီ တစ်ပိသာလျှင် ၅၃၀၀ ကျပ်၊ ကြက်ဥ တစ်လုံး လျှင် ၁၇၅ ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန် ၁ ပြည်၊ ဆီ ၂၅ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံး စီ တို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဆန် ၂၄ ပြည်ဝင် ဆန်အိတ် ၅ အိတ်၊ ဆီ ၁၁၀ ပိသာ၊ ကြက်ဥအလုံး ၁၀၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသက်နောင်ဖြူ အဖွဲ့ဝင်(၁) ဗိုလ်မှူး ကောင်းဇော်လင်း၊ မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်သန်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးသိန်းမြင့် နှင့် တာဝန်ရှိသူများမှ ကြီးကြပ်ကွပ်ကဲ ရောင်းချပေးခဲ့ကြောင်း နှင့်လမ်းမတော် မြို့နယ်အတွင်းရှိ (၁၃)ရပ်ကွက် ပြည်သူများထံ အခြေခံစားသောက်ကုန်များကို လက်ဝယ်ရောက် နေ့စဉ်ရောင်းချပေးနိုင်ရေး စီစဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်ထွေး (ပြန်/ဆက်)