ကျောက်ဆည် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဘူတာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် ရန်ကုန်-မန္တလေး(အဆန်-၃)ရထားဖြင့် လိုက်ပါလာသည့် ခရီးသွားပြည်သူ(၁၇)ဦးအား ယနေ့ နံနက် (၉)နာရီခွဲ အချိန်က စနစ်တကျစိစစ်ပြီး သက်ဆိုင်ရာ နေရပ်များသို့ ရောက်ရှိရေး တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ အပ်နှံပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရီးသွားပြည်သူများအား ကျောက်ဆည်မြို့ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်လွင် နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ မြိုမရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များပူးပေါင်းပြီး ရန်ကုန်-မန္တလေး (အဆန်-၃) ရထားဖြင့် စီးနင်းလိုက်ပါလာပြီး ကျောက်ဆည်ဘူတာတွင်ဆင်းကာ မန္တလေးတိုင်း ဒေသကြီး မြို့နယ်များ အတွင်းသို့ ဆက်လက်သွားရောက်ကြမည့် အမျိုးသား(၃)ဦး၊အမျိုးသမီး(၂)ဦး၊ စဉ့်ကိုင်မြို့နယ် အတွင်းသို့ ဆက်လက်သွားရောက်ကြမည့် အမျိုးသား(၁)ဦး၊အမျိုး သမီး(၃)ဦးနှင့် ရထားပေါ်တွင် စျေးလိုက်ပါရောင်းချ နေသည့် သာစည်မြို့မှ ကျား(၃)ဦး၊မ(၅)ဦး စုစုပေါင်း(၁၇)ဦး ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ခရီးသွားပြည်သူများအား ခရီးသွားရာဇဝင်များမေးမြန်းခြင်း၊ လက်များစနစ်တကျဆေးကြော စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ နှာခေါင်းစည်းများ စနစ်တကျတပ်စေခြင်း စသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)