လားရှိုး စက်တင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ယနေ့နံနက်(၈)နာရီအချိန်က ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ လားရှိုးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဌေးအောင်၊ လားရှိုးခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဇော်ဇော်နှင့် လားရှိုးမြို့နယ်ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးစိုးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ လားရှိုး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို ၁၉၉၃ခုနှစ်မှ စတင် ကျင်းပခဲ့ပြီး ယခု ၂၀၂၂ခုနှစ် (၂၃)ကြိမ်မြောက် ပြိုင်ပွဲအား တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို အခြေခံသည့် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြင့် အမျိုးသား ယဉ်ကျေးမှု စရိုက်လက္ခဏာများကို ဆက်လက်သယ်ပိုး ထိန်းသိမ်း စောင့်ရှောက်ရေးအတို့အတွက် အနှစ်သာရဖြည့်၀စွာဖြင့် နိုင်ငံတော်မှ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊ ဒို့တာဝန်အရေးသုံးပါး ဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေး၊ အချုပ် အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ဦးထိပ်ထားပြီး တိုင်းရင်းသားမျိုးနွယ်စုတစ်မျိုးစီ၏ ရိုးရာယဉ်ကျေးမှုများကို အခြားတိုင်းရင်းသားမျိုးနွယ်စုများက သိရှိပြီး တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ယခုပြိုင်ပွဲကြီးကို ဦးတည်ချက်(၄)ရပ်နှင့်အညီ ကျင်းပသွားမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိအမှတ်ပြုလေးစားခံရသည့် မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမများကို မပျောက်ပျက်အောင် တိုင်းရင်းသားပြည်သူများအနေဖြင့် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ပြီး တိုးတက်ပြန့်ပွားအောင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လားရှိုးမြို့ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသူလေးများက မွန်ရိုးရာ အကဖြင့်လည်းကောင်း၊ ယူနန်အမျိုးသမီးအကအဖွဲ့ကလည်းကောင်း ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ အဆိုပါ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ လားရှိုးခရိုင်အတွင်းရှိ မြို့နယ်များ ပါဝင် ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး