အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာစေရန်နှင့် ကာကွယ်ထိန်းချုပ်နိုင်ရန်  Mask  Campaign ပြုလုပ်

အမ်း စက်တင်ဘာ ၈

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်မှု မရှိလာစေရန်နှင့် ကာကွယ် ထိန်းချုပ်နိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေနံနက် (၇:၀၀) နာရီက  လူစည်ကားရာ လမ်းဆုံ၊ လမ်းမများ၊ အမ္ဗနဒီစျေး၌ ဒေသခံပြည်သူ စျေးရောင်း၊ စျေးဝယ်သူများအား   Mask  Campaign အသိပညာ​ပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ  Mask Campaign ဆောင်ရွက်ရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းအဖွဲ့များက ပြည်သူ များအား နှာခေါင်းစည်း Mask များ အခမဲ့‌ တပ်ဆင်ပေးခြင်း၊ အသိပညာ​ပေးလက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခြင်း၊ ကူးစက်မြန်   ကိုဗစ်- ၁၉ မျိုးရိုးဗီဇပြောင်းအိုမီခရွန်ရောဂါသည် ပြည်တွင်းကူးစက်မှု ပြန်လည်ဖြစ်ပွားလာပြီဖြစ်သဖြင့် ကာကွယ်ထိန်းချုပ်နိုင်ရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး‌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာကြရန်၊ ပြည်သူများ  အိမ်အပြင်ထွက်ပါက မဖြစ်မနေ Mask တပ်ဆင်သွားလာရန်၊ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ် ဆေးထိုးနှံနိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

စိုးမင်းထွန်း