ဆီဆိုင် စက်တင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင်များသည် ပါလောပါကယ်ကျေးရွာအုပ်စု၊ နောင်အယ်ကျေးရွာရှိ လောကဟိတ ပညာရေးကျောင်း၌ ဂရန်မြေရရှိနိုင်ရန်၊ ၂၄ နာရီမီးရရှိနိုင်ရန်နှင့် အဆိုပါကျောင်းသို့ အဆင်ပြေ လွယ်ကူစွာ သွားလာနိုင်စေရန်အတွက် လမ်းကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းဆွေးကြသည်။ ထို့နောက် နောင်လုံရေထွက်အား ကြည့်ရှုစစ်ဆေးပြီး နမ့်တဘက်ချောင်းခွဲ၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရေရရှိရေးနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေး ခဲ့သည်။
ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့သည် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင်စံပြကျေးရွာအတွင်းရှိ သုဝဏ္ဏဝံသ (သာမဏေကျော်)စာသင်တိုက်၌ ကျောင်းထိုင်ဆရာတော်နှင့်တွေ့ဆုံပြီး သာသနာ့မြေရရှိ နိုင်ရန်နှင့်ပတ်သက်၍ လိုအပ်သည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)