ကျောက်တံတားမြို့နယ်တွင်   ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

ကျောက်တံတား စက်တင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ပြည်သူများကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးမျာကို မြို့နယ် ကျန်းမာရေးဌာနမှ ထိုးနှံပေးလျက်ရှိသည်။

ထိုသို့ ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက်(၁၀)နာရီကအမှတ်(၂) ရပ်ကွက်ရှိ အောင်ဓမ္မာရုံ၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများကို ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေး  Booster ဆေး ထိုးနှံပေးရာ စုစုပေါင်း (၁၂၀)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးနေမှုကို မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က အနီးကပ်ကြီးကြပ်ပြီး ကျန်းမာရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ် တပ်ဖွဲ့၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့များမှ ကာကွယ်ဆေးထိုးနှံရာတွင် မလို  လားအပ်သော ပြဿနာများမဖြစ်စေရေးအတွက် အပူချိန်တိုင်းပေးခြင်း၊‌ သွေးပေါင်ချိန် ချိန်ပေးခြင်းနှင့် ဆေးထိုးပြီးပါက နာရီဝက်ကြာ ခေတ္တနားစေခြင်းတို့ကို ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ရွှေဇင်ခိုင်(ပြန်/ဆက်)