မော်လမြိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မော်လမြိုင် စက်တင်ဘာ ၈

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသောလေထုနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) အစီအစဉ်ကို ယမန်နေ့က မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ရိုက်ကူး ထုတ်လွှင့်ခဲ့သည်။

ဆွေးနွေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြတ်သီတာက Talk Show အစီအစဉ် ကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြီး ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပန်းအိဖြူက (စက်တင်ဘာလ ၇ ရက်နေ့)တွင် ကျရောက်သည့် အပြည် ပြည်ဆိုင်ရာသန့်ရှင်းသော လေထုနေ့၏ “လေထုသန့်ရှင်းဖို့ အားလုံး ပူးပေါင်းဆောင်ရွက်စို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ သက်ရှိအားလုံးတို့ အသက်ရှင်ရပ်တည်ရေးအတွက် သန့်ရှင်းသောလေထု၏ အရေးပါမှုများ၊ လေထု၌ပါဝင်သည့် ဓာတ်ငွေ့မျိုးစုံနှင့် လေထုညစ်ညမ်းစေသည့် ဓာတ်ငွေ့များ၊ ညစ်ညမ်းသည့် လေထုကြောင့် လူသားများအပါအဝင် သက်ရှိအားလုံးနှင့် သဘာဝပတ်ဝန်းကျင်အတွက် ဖြစ်ပေါ်လာသည့် ဆိုးကျိုးသက်ရောက်မှုများ၊ လေထုညစ်ညမ်းမှုကို လျှော့နည်းအောင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများ၊ ပြည်သူများအနေဖြင့် လေထုသန့်ရှင်းရေးအတွက် ပူးပေါင်း ဆောင်ရွက်သင့်သည်များနှင့် ရှောင်ရှားရမည့်အချက်များ စသည့် လေထုသန့်ရှင်းရေးဆိုင်ရာ သိမှတ်ဖွယ်ရာများတို့ကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

မော်လမြိုင်ခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူး ထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေး ဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း Talk Show အစီအစဉ်များကို ပြည်သူများအကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်‌လျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်